Pages

Tuesday, July 5, 2011

ဖွတ်အဖွဲ့ နှင့်  ရက် ၁၀၀(ဘာမှဖြစ်မလာသေးတဲ့  Clean အစိုးမ၇)

PDF
Wednesday, 06 July 2011 04:21
AddThis Social Bookmark Button
 
4142a
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုခဲ့ကြသည်။
အဆိုပါနေ့ရက်သည် နိုင်ငံအား စစ်တပ်မှ အုပ်ချုပ်နေသည့် အနေအထားမှ အရပ်ဝတ်များဖြင့် အုပ်ချုပ်သည့် အနေအထားသို့ ပြောင်းလဲစေခဲ့သည့် နေ့ရက်လည်း ဖြစ်သည်။
အဆိုပါနေ့ရက်တွင်ပြည်ထောင်စု လွှတ်တော်၌ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးသိန်းစိန် က ပြည်ထောင်စုအစိုးရသစ်၏ မူဝါဒ သဘောထားလမ်းစဉ်များ ပါဝင်သည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

အစိုးရက ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး လုပ်သွားနိုင်ဖို့ကို မျှော်လင့်တယ်။ လုပ်ရမှာတွေက အများကြီးပဲ။ အပြောထက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေက အရေးကြီးပါတယ်။

ယင်းမိန့်ခွန်းပါ အချက်အချို့မှာ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကိုချမှတ်ပြီး ကျွန်တော်တို့ အစိုးရသစ်အနေဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲလျှင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲပျက်စီးသွားမည် ဖြစ်သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်ပေါင်း စည်းညီညွတ်ရေးနှင့်ပတ်သက်ပြီး... မတူညီသည့် သဘောထားအမြင်များ ရှိကြမည် ဖြစ်သော်လည်း တိုင်းပြည်၏ အကျိုးစီးပွားအတွက် တူညီသည့် ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်၊ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမည်ဆိုလျှင် လူသာဓုခေါ်၊ နတ်သာဓု ခေါ်ကြမည်ဖြစ်သည့် အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်းကြို ဆိုနေမည်ဖြစ်ကြောင်းတို့ ဖြစ်ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျွန်တော်တို့အစိုးရအနေဖြင့် လက်ရှိတိုးတက်မှု ရှိနေသည့် စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မပျက် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံအဖြစ် ကူးပြောင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်က ပြည်သူလူထု အများစုဆန္ဒပြု ခဲ့ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အတည်ဖြစ်ပြီး ဖြစ်သည့်အတွက် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိတို့အစိုးရအနေဖြင့် တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် အစိုးရက အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေးသည့် ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါကြောင်း၊ ၀င်ထိန်းပေးမည်ဆိုရာတွင် လည်း ဈေးကွက်၏လွတ်လပ်မှုကို ထိန်းချုပ်လိုသည့် သဘောမျိုးမဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်းတည့်မတ် ပေးခြင်းမျိုးကိုသာ ရည်ရွယ်ပါကြောင်း၊ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီးဝင်ရောက် ထိန်းကျောင်းမှုမျိုးသာ လုပ်သွားမည် ဖြစ်သည့်အပြင် တတ်နိုင်သမျှ ၀င်ရောက်စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံးဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်စတင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဒီလုပ်ငန်းစဉ်၏ ပထမခြေလှမ်းဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး နောက်ပိုင်းတွင်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ကျန်ရှိနေပါသေးကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့သည် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လွှတ်တော်ပြင်ပရှိ စိတ်ရင်းစေတနာ မှန်ကန်သည့်နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားလိုကြောင်း၊ ဒီမိုကရေစီ သည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် နှင့် တွဲဖက်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ် အစတွင်တာဝန်ယူရသည့် ကျွန်တော် တို့အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာအောင် အလေးထားလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မတူညီသည့် သဘောထားအမြင်များ ရှိကြမည်ဖြစ်သော်လည်း တိုင်းပြည်၏ အကျိုးစီးပွားအတွက် တူညီသည့်ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ . . .

ထို့ပြင် လာဘ်ပေးလာဘ်ယူ လုပ်ခြင်းသည် တိုင်းပြည်နှင့်လူမျိုး ဂုဏ်သိက္ခာ ထိခိုက်စေခြင်းကြောင့် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ပေါ်စေရေးအတွက် အလေးထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးခန်းမဆောင်ကြီး၌ မတ်လ ၃၁ ရက်နေ့က မိန့်ခွန်းမြွက်ကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

4142
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သော
ပြည်ထောင်စု အစိုးရအဖွဲ့ကို တွေ့ရစဉ်  Photo: MNA

အဆိုပါမိန့်ခွန်းများပါ အချက်အလက်များနှင့် ပတ်သက်၍ ကြိုဆိုခဲ့မှုများရှိပြီး လွန်စွာကောင်းမွန်သည့် မှာကြားချက်များ ဖြစ်သည်ကို တွေ့ရ ကြောင်း၊ မည်ကဲ့သို့ မှာကြားချက်များ ဖြစ်ပါစေ၊ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် အဆိုပါ မိန့်မှာကြားချက်များသည် တန်ဖိုးရှိသည့် မိန့်မှာကြားချက်များ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိခဲ့သည်။
ယခုအခါတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်က နိုင်ငံကို အုပ်ချုပ်လာခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ပြည့်ခါနီးပြီ ဖြစ်ရာ အဆိုပါရက်များ ကာလအတွင်း ပြည်ထောင်စု အစိုးရသစ်က ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်ပယ် အသီးသီး မှကျွမ်းကျင်ပညာရှင်များက သုံးသပ်မှု များ ရှိလာသည်။
“အခု သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့တာဝန်ယူလာတာ ရက်ပေါင်း ၁၀၀ ပြည့်ခါနီးပါပြီ။ အစိုးရအဖွဲ့ကို စပြီးတာဝန်ယူတဲ့အခါမှာ သမ္မတကြီး ဘက်ကနေပြီးတော့ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားမယ့်အပိုင်းတွေကို ပြောပြသွားတာ ရှိသလို ကောင်းမွန်တဲ့အစိုးရ တစ်ရပ် ဖြစ်ပေါ်လာဖို့လည်း ကတိက၀တ်ပြုထားတာ ရှိပါတယ်။ အဲဒီလို ကတိက၀တ်ပြုခဲ့ကြတာကို တိုင်းပြည်မှာရှိတဲ့ လူအများစု ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ကတိက၀တ်တွေကို ၀ိုင်း ၀န်းပြီးကြိုးစား အကောင်အထည်ဖော်မယ့် အပိုင်းမှာတော့ အခုလို ရက် ၁၀၀ လောက်နဲ့ မပြီးနိုင်သေးပါဘူး။ နိုင်ငံတကာမှာတော့ မီဒီယာတွေကနေပြီးတော့ တက်လာတဲ့အစိုးရသစ်တစ်ရပ် ရဲ့ခြေလှမ်းတွေကို ခြုံငုံသုံးသပ်တာမျိုး တွေ ဘယ်ဘက်ကို ဦးတည်နေလဲ၊ ဘယ်လောက် ခရီးရောက်ပြီလဲဆိုတာ ကို သုံးသပ်ကြပါတယ်။ အစိုးရသစ် တစ်ရပ်က ကတိက၀တ်ပေးခဲ့တဲ့အထဲ မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စနဲ့အတူ ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားတယ်ဆိုတဲ့ အကြောင်း၊ ပြင်ပအင်အားစုတွေနဲ့လည်း ညှိနှိုင်း ဆွေးနွေးသွားမယ်လို့လည်း ပြောခဲ့တာ ရှိပါတယ်။ အလားတူပဲ ၂၀၀၈ ခုနှစ် မှာ အတည်ပြုခဲ့တဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး လက်မခံတဲ့သူ တွေကလည်း နောင် လွှတ်တော်ထဲ ၀င်ပြီးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အခုရက်ပေါင်း ၁၀၀ ဆိုတဲ့ ကာလ အတွင်းမှာ ကချင်၊ ကရင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ အပစ်အခတ်တွေ ရှိလာတော့ အားတက်စရာ မဟုတ်ဘဲ အားလျော့သွားပါတယ်။ ဒါပေမယ့် ဒါဟာ သမ္မတကြီးရဲ့ အစိုးရသစ်တစ်ရပ်ရဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ အရင်ရှိခဲ့တဲ့ နောက်ခံ အကြောင်းတရားတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာခဲ့တာပါ။ အဲဒီအတွက် ပြေပြေလည်လည် ဆောင်ရွက်နိုင်ဖို့ကြိုးစား အားထုတ်ဖို့တော့ လိုပါတယ်” ဟု စာရေးဆရာ ဆရာမောင်ဝံသက သုံးသပ် ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ တချို့အချက်တွေမှာ သဘောထား ကွဲလွဲခဲ့ကြတာမျိုးတွေ ရှိပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေး နောက်ခံ အကြောင်းတရားတွေက ရှိနေဆဲ နိုင်ငံရေးအရှိတရားပါ။ အခု လွှတ်တော်အရ ပေါ်ပေါက်လာတဲ့ အစိုးရအသစ်ကလည်း နိုင်ငံရေးမှာ အရှိတရားတစ်ခုပါ။ ဒီနှစ်ခုကြားမှာ စေ့စပ်ဆွေးနွေး ညှိနှိုင်းကြဖို့လိုပါတယ်”ဟု ဆရာမောင်ဝံသက ဆက်လက်သုံးသပ်ပြခဲ့သည်။
အလားတူပင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များအတွက် စီးပွားရေးပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်မှုများ ရှိနေသော်လည်း လတ်တလောတွင် သိသိသာသာ ပြောင်းလဲမှုမရှိသေးကြောင်း၊ ထို့အတူ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်ပိုင်း စာပေနှင့်စာနယ်ဇင်း ဆိုင်ရာမူဝါဒအသစ်များလည်း ပေါ် ထွန်းလာကြောင်း၊ ယင်းမူဝါဒအပေါ် တွင်မူ စာနယ်ဇင်းသမားများဘက်မှ ဝေဖန်မှု အချို့ရှိနေကြောင်းလည်း သိရှိရသည်။
“အခုပြောချင်တာက အစိုးရ တစ်ရပ်အနေနဲ့ သူတို့ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်ကို ချမှတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထား အရ သမ္မတကြီးအနေနဲ့ မူဝါဒချမှတ် ပြီးပြီဆိုရင် ကျန်တဲ့အကောင်အထည် ဖော်တဲ့အပိုင်းကို သက်ဆိုင်ရာ အင်စတီကျူးရှင်းတွေကနေပြီးတော့ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ မှာ အဲဒီလို အင်စတီကျူးရှင်း အခိုင် အမာမရှိပါဘူး။ ဆိုလိုတာက ဗျူရိုကရေစီ ယန္တရားတစ်ခု ရှိမနေတာပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် မှာရှိပြီးသား ဗျူရိုကရေစီ ယန္တရား တစ်ခုဟာပျက်ပြယ်သွားပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ သမ္မတက ပေါ်လစီမိတ်ကာအနေနဲ့ပဲ နေတာပါ။ ကျန်တဲ့ ဆောင်ရွက်မှုအပိုင်းတွေကို အခိုင်အမာရှိပြီးသား အင်စတီကျူးရှင်းက အကောင်အထည်ဖော်သွား တာပါပဲ”ဟု စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက ပြောကြားခဲ့သည်။
“အစိုးရသစ်တစ်ရပ် ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ ပြည်သူလူထုအနေနဲ့ တစ်စုံတစ်ရာပိုပြီး မျှော်လင့်တာမျိုးတွေ ရှိပါတယ်။ တချို့ကလည်း အစိုးရ တစ်ရပ်က တက်လာတဲ့အချိန်အခါ မှာတော့ သူတို့ရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူကို ကတိ က၀တ်ပေးထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာက အဓိကကျပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ Check and Balance စနစ်ရှိတဲ့ အတွက် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာသုံးသပ်တာတွေ ရှိပါတယ်။ ဥပမာ အမေရိကန်သမ္မတ အိုဘားမားတက်လာခါစမှာ ပြည်သူ ကို ကတိက၀တ် ပေးထားတာတွေ ရှိပါတယ်။ အခုချိန်မှာ ဘယ်လောက်အထိ အကောင်အထည်ဖော်ပြီး နေပြီလဲဆိုတာ ပြည်သူကလည်း စောင့်ကြည့်ပါတယ်။ တကယ်တမ်းမှာ ကတိက၀တ်ပြုရတာ လွယ်ပေမယ့် တကယ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့အပိုင်းမှာ သိပ်မလွယ်ကူလှပါဘူး။ စနစ်တစ်ခုက ယိုယွင်းပျက်စီးနေတာ ကြာခဲ့ပြီဆိုရင် ဒါကိုပြန်ပြီး တည့်မတ်ဖို့ တော်တော်လေးကို အချိန်ယူရပါတယ်။ အထူးသဖြင့် အကျင့် ပျက်ခြစားမှု တိုက်ဖျက်တာမျိုးတွေ အစိုးရသစ်တစ်ရပ် တက်လာတဲ့အခါမျိုးမှာ ထိထိရောက်ရောက် အရေးယူ တာမျိုးတွေသမိုင်းမှာရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါကြီးက အုံနဲ့ကျင်းနဲ့ အမြစ်တွယ်နေပြီ ဆိုရင်တော့ တွန်းလှန်နိုင်ဖို့ ခဲယဉ်းပါတယ်။ လက်တွေ့နမူနာပြ လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့် မအောင် မြင်ခဲ့တာတွေလည်းရှိတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင် (စစ်တွေ)ကလည်း ပြောပြခဲ့သည်။
“အစိုးရသစ်တက်တာ အခုဆိုရင် သုံးလရှိပြီ။  တချို့ပြုပြင် ပြောင်းလဲရေးကိစ္စတွေက ကြာရှည်လုပ်ရမှာ ဆိုတော့ အခုလတ်တလောပြောဖို့ ခက်ပါတယ်။ သမ္မတကြီးကပြောခဲ့တယ် လေ၊  Clean Government နဲ့ Good Governance ဖြစ်အောင် လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ ဒီလိုဖြစ်ဖို့ အချိန်ယူဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အကောင်အထည်ဖော်ဖို့ ဆွေးနွေးနှီးနှောမှုတွေကို လုပ်နေတာလည်း တွေ့နေရတာပဲ။ ဒီလိုမဆွေးနွေးခင်ကတည်းကလည်း ဒီလိုဖြစ်ပျက်နေတာ သိနေတာ ဆိုတော့ ဘာလုပ်ရမယ် သိနေတဲ့ အခြေအနေတွေကို တတ်နိုင်သမျှတော့ မြန်မြန် အကောင်အထည်ဖော်နိုင်ရင် ကောင်းပါတယ်။ နေ့ချင်း ညချင်း မလုပ်နိုင်တဲ့ကိစ္စတွေကို စောဒက မတက်ချင်ပေမယ့် ချက်ချင်းလုပ်ဖို့ လိုတဲ့ လုပ်လို့ရနိုင်တဲ့ ကိစ္စတွေကို   လုပ်ဖို့ လိုပါတယ်။ လူထုကြားမှာ၊ လမ်းပေါ်မှာ ဖြစ်နေတဲ့ ချက်ချင်းဖြေရှင်းဖို့ လိုတဲ့ကိစ္စတွေကို ကိုင်တွယ် နိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အဂတိလိုက်စားမှုတွေ လိုမျိုးပေါ့။ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး ဖြေရှင်းဖို့လိုပါတယ်။ လုပ်ဆောင်မှုတွေတိုင်းကို အစဉ်တစိုက်ပုံမှန် စောင့်ကြည့်နိုင်တဲ့ ပွဲကြည့်ပရိသတ်က အရေးကြီးပါတယ်။ ဒီလိုကြည့်နိုင်မှ လိုကွက်ဟာကွက်တွေ ကို သိနိုင်မယ်၊ ထောက်ပြနိုင်မယ်။ ဒီ အခန်းကဏ္ဍမှာ မီဒီယာက အရေးကြီးတယ်။ မီဒီယာတွေကတစ်ဆင့် ဝေဖန် ထောက်ပြမှုတွေကို အလေးထားသင့် တယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ရမှာတွေကို သိနေတာပဲ။  လက်တွေ့လုပ် နိုင်ဖို့ အရေးကြီးပါတယ်။ အစိုးရဘက် ကလည်း လိုအပ်တာတွေ ပြင်ဆင် ပြောင်းလဲမယ်လို့ ပြောထားတာပဲဆိုတော့ လူတွေဘက်ကလည်း သိပ်ဆန္ဒ မစောသင့်ပါဘူး။ သူ့ဘက်ကိုယ့်ဘက် မျှမျှတတတွေးပြီး စောင့်ကြည့်သင့်ပါတယ်။ အစိုးရသက်တမ်း ခြောက်လ ကနေ ကိုးလလောက်အတွင်းမှာ အဖြေ တစ်ခုကိုမြင်နိုင်မယ်လို့ ယူဆပါတယ်”ဟု စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက ပြောကြားခဲ့သည်။
“အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေကို စောင့်ကြည့်ရဦး မှာပါ။ ပြင်ရပြောင်းရမယ့် ကိစ္စတွေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမယ့် ကိစ္စ တွေကအများကြီးပဲ။ တချို့ကိစ္စတွေ ကအချိန်ယူရနိုင်ပါတယ်။ စီးပွားရေး ကိစ္စသက်သက်ကိုကြည့်ရင်ကိုပဲ စီးပွားရေးလုပ်ငန်းတွေအတွက် အရင်းအနှီး အခက်အခဲရှိနေတယ်။ ငွေကြေးလည်ပတ်မှု ပုံမှန်မဖြစ်ဘူး၊ လူလတ်တန်းစား အားနည်းနေတယ်၊ ကုန်သွယ်ရေး မူဝါဒတချို့နဲ့ စီးပွားရေးမူဝါဒတချို့ကြောင့် နိုင်ငံတကာဈေးကွက်ကို ၀င်တိုးဖို့ခက်နေတယ်စတဲ့ ပြဿနာတွေ ရှိနေတယ်။ အစိုးရကကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး လုပ်သွားနိုင်ဖို့ ကို မျှော်လင့်တယ်။ လုပ်ရမှာတွေက အများကြီးပဲ။ အပြောထက်လက်တွေ့ ကျတဲ့ လုပ်ဆောင်မှုတွေက အရေးကြီးပါတယ်”ဟု ပါမောက္ခ ဒေါ်ရီရီမြင့်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ သမ္မတတစ်ဦး၏ လုပ်ဆောင်ချက်ကို ရက် ၁၀၀ အတွင်း လုပ်ဆောင်ချက်မျှဖြင့် ဆုံးဖြတ်တိုင်းတာရန်မှာ လုံလောက် သည့် အချိန်တစ်ခုမဟုတ်ကြောင်းလည်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
အစိုးရအဖွဲ့သစ် လက်ထက်တွင် ဖျက်သိမ်းခဲ့သော အဖွဲ့အစည်းများ
စဉ်      အမည်
၁      အရွယ်မရောက်သေးသူ ကလေးသူငယ်များအာ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ
၂      ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ အစိုးရရုံးဌာန အဆောက်အဦများ၊ ဌာနဆိုင်ရာ လူနေအိမ်များ လွှဲပြောင်းအပ်နှံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ စိစစ်ကြပ်မတ်ရေး ဦးစီးကော်မတီ
၃      နိုင်ငံတော် လျှပ်စစ်စွမ်းအားဖွံ့ဖြိုးရေး စီမံကိန်းဦးဆောင် ကော်မတီနှင့် နိုင်ငံတော်လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကော်မတီ
၎       လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ကြီးကြပ်မှုဗဟိုအဖွဲ့
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး ကော်မတီ
မြန်မာနိုင်ငံရေ အရင်းအမြစ်ဆိုင်ရာ ကော်မတီ
အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့ရှိ ရိုးရာလက်မှု ပစ္စည်းများဆိုင်ရာ လက်တွေ့သရုပ်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ
မြန်မာနိုင်ငံ အမျိုးသားဒစ်ဂျစ်တယ် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကော်မတီ
၁၀ ကမ္ဘာ့သတင်း လေ့လာသုံးသပ်ရေးအဖွဲ့နှင့် ကမ္ဘာ့သတင်း လေ့လာသုံးသပ်ရေး ကော်မတီ
၁၁ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ
၁၂ ပြောင်းရွှေ့အင်အား စိစစ်ရေးနှင့် အဆောက်အဦ လွှဲပြောင်းလက်ခံမှု ကြီးကြပ်ရေးအဖွဲ့
၁၃ ရန်ကုန်တိုင်း ကုန်ဈေးနှုန်း ထိန်းသိမ်းရေးကော်မတီ
၁၄ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ
၁၅ မော်တော်ယာဉ်မသုံးစွဲရနေ့စစ်ဆေး ကြပ်မတ်ရေး ကော်မတီ
၁၆ လမ်းတံတားများ ကြံ့ခိုင်မှုအတွက် စစ်ဆေးပြုပြင်ရေး အဖွဲ့
၁၇ လွှတ်တော် အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီ
၁၈ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ
၁၉ ကိုယ်စားလှယ်များ စိစစ်ရေးအဖွဲ့
၂၀ ပရဆေးဥယျာဉ်နေပြည်တော် တိုးချဲ့အဆင့်မြှင့်တင်ရေး ဗဟိုကော်မတီ
၂၁ အာဆီယံနိုင်ငံများရှိ သမိုင်းဝင် အဆောက်အအုံများနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ထိန်းသိမ်းမှု နည်းလမ်းများနှင့် နည်းပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ
၂၂ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့
၂၃ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ
၂၄ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဒေသ တည်ဆောက်ရေး စီမံကိန်းကြီးကြပ်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ
၂၅ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီ
၂၆ နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေမူကြမ်း ရေးဆွဲရေး စီမံခန့်ခွဲမှုကော်မတီ
၂၇ ဆည်မြောင်း တာတမံများအတွက် စစ်ဆေးပြုပြင်ရေးအဖွဲ့
၂၈ ကိုးကန့်ဒေသဖွံ့ဖြိုးရေး ဦးစီးကော်မတီ
၂၉ နိုင်ငံတော်၏ နိုင်ငံရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကော်မတီများနှင့် ပြောဆိုရေးရာ အာဏာပိုင်အဖွဲ့
    

အစိုးရအဖွဲ့သစ် လက်ထက်တွင် ဖွဲ့စည်းခဲ့သော ကော်မတီနှင့်အဖွဲ့များ
စဉ်      အမည်
အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ
အမျိုးသား ပညာရေးကော်မတီ
အမျိုးသား ကျန်းမာရေးကော်မတီ
နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးဦးစီးကော်မတီနှင့် အထောက်အကူပြုအဖွဲ့
အာဆီယံထိပ်သီး ညီလာခံ ကျင်းပရေးကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ
စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့
၁၀ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်
၁၁ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ
၁၂ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ
၁၃ မြန်မာနိုင်ငံအမျိုးသား ရှာဖွေကယ်ဆယ်ရေး ကော်မတီ
၁၄ မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ
၁၅ ဥပဒေအကြံပေးအဖွဲ့
၁၆ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ
၁၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ
၁၈ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ
၁၉ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ
၂၀ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ
၂၁ စီးပွားရေး လုပ်ငန်းများအား ချေးငွေထုတ်ချေးရန် စိစစ်ရေးအဖွဲ့
၂၂ CMP လုပ်ငန်းများ(လက်ခစားလုပ်ငန်း) ကြီးကြပ်ရေးကော်မတီ
၂၃ နိုင်ငံပိုင်သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံများနှင့် မြေယာကွက်များ စီမံခန့်ခွဲမှုကော်မတီ
၂၄ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ
၂၅ စိုက်ပျိုးမြေများ ရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ
၂၆ ဗဟိုစီမံခန့်ခွဲရေး အမှုဆောင်အဖွဲ့နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီ၊ ပြည်ပသို့ စေလွှတ်မည့်သူများ နိုင်ငံခြားသုံးငွေ ခွင့်ပြုမှုစိစစ်ရေးကော်မတီများ
၂၇ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
၂၈ မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့
၂၉ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ
၃၀ ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူ ပြုလုပ်ငန်းအဖွဲ့(ယာယီ)
၃၁ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ
၃၂ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ
၃၃ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့
၃၄ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ
၃၅ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ရေးဗဟိုအဖွဲ့