အံ့ဘုန်းမြတ် ၁၉ ဇန်န၀ါရီ ၂၀၁၀
(၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

“ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု ဘာမှ သူတို့က ပေးမသုံးတဲ့သဘော၊ စာမျက်နှာပေါ် အတက် မခံသေးတဲ့ သဘောပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေတော့ ရေးလို့ရတယ်။ ဒါပေမဲ့ သတင်းကို တော့ သူတို့က မပေးဘူး။ ထုံးစံအတိုင်း၊ မူအတိုင်း၊ ညွှန်ကြားချက်ရမှ လုပ်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒီအောက်က စာပေစီစစ်ရေးရုံးကို မဖြတ်ဘဲနဲ့ ကိုယ်ကသွားလို့ရရင်တော့ တမျိုးပေါ့။ သူတို့ဆီက ဖြတ်ဖြတ် သွားနေရတော့ သူတို့ဆီမှာတင် သတင်းကပျောက်သွားတယ်။”

ကိုဖြိုးမင်းသိန်း
အခုလို နိုင်ငံရေးအင်အားစုတွေရဲ့ သတင်းတွေ လွတ်လပ်စွာ ဖော်ပြခွင့်မရရှိတဲ့အပေါ် စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ တတိယနိုင်ငံရေး အင်အားစုဝင် ၈၈ မျိုးဆက် ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက အခုလိုဝေဖန်လိုက်ပါတယ်။
“ဒီရွေးကောက်ပွဲအပေါ်မှာ မီဒီယာကလည်း ခွင့်မပြုဘူး။ ဘာမှလည်း ခွင့်မပြုဘူး။ ဒီအခြေအနေဟာ အရှင်းဆုံးပြောရရင် ပြိုင်ဘက်တခုကို ဘာအခွင့်အရေးမှ မပေးပဲနဲ့ တုပ်နှောင်ထားပြီးတော့ ကိုယ်ဘာသာ ၀င်ကစားမယ်ဆိုတဲ့ အခြေအနေအပေါ်မှာတော့ ရောက်နေတာသေချာတယ်။”
ပြည်တွင်းက ၀ါရင့်အယ်ဒီတာတဦးကတော့ အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဥပဒေတွေကို ထုတ်ပြန်မှသာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်တာတွေ ဖော်ပြခွင့်ရနိုင်မယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ဒီလို ဖော်ပြခွင့်ရချိန်မှာလည်း စာပေစီစစ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုတဲ့ မူဘောင်ထဲကပဲ ဖြစ်လိမ့်မယ်လို့လဲ သူကသုံးသပ်ပါတယ်။

သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)
အစိုးရအနေနဲ့ နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပဒေတွေ မထုတ်ပြန်သေးတာဟာ ကြံ့ခိုင်ရေးအသင်းဝင်လည်း မဟုတ်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေလည်းမဟုတ်ဘဲ ဒေသခံပြည်သူ တွေရဲ့ လေးစားမှုကိုရရှိထားတဲ့ ပုဂ္ဂိုလ်တွေကို တသီးပုဂ္ဂလအမတ်တွေအဖြစ် ၀င်ရောက်နိုင်ဖို့ စည်းရုံးနေတာကြောင့် ဖြစ်တယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်နေပါတယ်။ အဲ့ဒါတွေအားလုံး ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲဥပဒေတွေ ကိုထုတ်ပြန်ပြီး အချိန်တိုတိုအတွင်းမှာ ရွေးကောက်ပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ နိုင်ငံရေးသတင်းရပ် ကွက်အချို့က ဆိုပါတယ်။ နအဖအစိုးရ ဒီလိုပြုလုပ်နေတာနဲ့ပတ်သက်လို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလိုပြောကြားလိုက်ပါတယ်။
“တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ကမ္ဘာက ဘင်္ဂလားဒေ့(ရှ်) ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဂုဏ်ပြုကြသလို ဂုဏ်ပြုခံရအောင် ကြိုးစားကြပါလို့ တပ်မတော်ခေါင်းဆောင်ကြီးတွေကိုတော့ မေတ္တာရပ်ခံချင်ပါတယ်။”
ဒီလိုနအဖအစိုးရဘက်က ရွေးကောက်ပွဲဥပဒေတွေ ထွက်ရှိခြင်းမရှိသေးသလို နိုင်ငံရေး အင်အားစုတွေ ရဲ့ လှုပ်ရှားမှုတွေကိုလည်း ဖော်ပြခွင့်မရှိသေးတာနဲ့ ပတ်သက်လို့ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ကိုစံမိုးဝေ က အခုလိုပြောပြပါတယ်။
“အခုအချိန်အထိ ဘာမှမကြေညာသေးဘူးဆိုတော့ ဒီရွေးကောက်ပွဲ မလုပ်ခင်မှာ ဥပဒေတွေက ကပ်ပြီးတော့ ထုတ်မယ်လို့ ယူဆရတယ်။ နိုင်ငံပိုင် မီဒီယာတွေကိုတော့ အသုံးချခွင့် အကန့်အသတ်နဲ့ သူတို့ ပေးပါလိမ့်မယ်။ ဒီဟာကတော့ ၉၀ အတိုင်းပေါ့။ ဒါပေမဲ့ စစ်အစိုးရက ၉၀ ကို သတိထားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၉၀ တုန်းကခံလိုက်ရတဲ့ အမှားမျိုးမဖြစ်အောင်လို့တော့ သူတို့က တော်တော် စဉ်းစဉ်း စားစား လုပ်မယ့်သဘောရှိပါတယ်။”