Pages

Wednesday, January 20, 2010

အေးချမ်းတဲ့ သာသနာ့ အရိပ်အောက်မှာ ခိုလှုံခွင့်ရရှိသွားတဲ့ အရှင်သောဘဏ တစ်ဖြစ်လဲ မိတ်ကပ်သူသူဆေး

PoorBest 
မိတ်ကပ်ဖန်တီးမှု လောကမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု ရခဲ့တဲ့ မိတ်ကပ် သူသူဆေးဆိုတာ သရုပ်ဆောင် လောကမှာလည်း ကျင်လည် ကျက်စားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဘဝ ကံကြမ္မာ အလှည့်အပြောင်းကြောင့် မိတ်ကပ် အလှဖန်တီးရှင် တစ်ဦး ဖြစ်ခဲ့သလို လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ရှုတင်ကား တိမ်းမှောက်ရင်း ဘယ်ဖက်ခြေထောက် အရိုးကျိုးပဲ့သွား ခဲ့ရတဲ့အတွက် ပေါင်မှ အသားစများနဲ့ အတူ စတီးချောင်း အစားထိုး ထည့်သွင်းကာ အသက်ဆက်လက် ရှင်သန်ခဲ့ရသူ ဖြစ်ပါတယ်။ ယခုတော့ မိတ်ကပ် သူသူဆေးဆိုတဲ့ ဘဝကို ခဝါချလို့ ''အရှင်သောဘဏ'' ဘွဲ့ကို ခံယူကာ ရဟန်းတစ်ပါး အဖြစ် သာသနာ့ဘောင်မှာ တရားကျင့်ကြံ အားထုတ်လို့ နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။
       ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၊ ကျားကြီးနှစ်ကောင်ကျောင်း၊ ရှင်ဥတ္တမသာရ စာသင်တိုက်ကျောင်းမှာ သီတင်းသုံးတော် မူနေတဲ့ အရှင်သောဘဏ (မိတ်ကပ်သူသူဆေး)နဲ့ လျှပ်တစ်ပြက် တွေ့ဆုံခိုက်၊ ဘဝကံကြမ္မာ အကြောင်းတရားများနဲ့ အပြောင်းအရွှေ့ သဘောထားကို အခုလို ကြားသိခဲ့ရပါတယ်။
       '' ဦးဇင်း၊ သာသနာ့ဘောင်ထဲကို ဝင်ရောက်လာခဲ့တာ (၁ဝ)နှစ်နီးပါး ရှိသွားပါပြီ။ ဦးဇင်းရဲ့ဘဝမှာ ကုသိုလ်ကံ အကြောင်းတရားတွေက အင်မတန်မှ နည်းပါးလှပါတယ်။ မိတ်ကပ်ဖန်တီးရှင် ဘဝမှာလည်း စားဝတ်နေရေး အတွက် သရုပ်ဆောင် အလုပ်ကို အဆင်ပြေသလို လုပ်ကိုင်ခဲ့ရင်း မထင်မှတ် ထားတဲ့အချိန်မှာ ရှုတင်ကအပြန် ကားတစ်စီးလုံး မှောက်သွားခဲ့ရပါတယ်။ ကံအကြောင်းမလှတဲ့ ဦးဇင်းတစ်ပါးတည်းပဲ ခြေထောက် ကျိုးသွားခဲ့ရသလို၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပျက်စီးထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။ မိတ်ကပ်လောကမှာရှိကြတဲ့ မိတ်ကပ်အောင်အောင်(တောင်ကြီး)၊ မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ်ကိုမာ၊ မိတ်ကပ်ပေါက်ပေါက်(စမ်းချောင်း)၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)စတဲ့ မိတ်ကပ်ပညာရှင်တွေက ဦးဇင်းရဲ့ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့လို့ ကျန်းမာရေး အနေအထားက ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဦးဇင်း ပြန်လည် သုံးသပ်ကြည့်တဲ့အခါမှာ ဒီလိုဘဝကြီးနဲ့ ဦးဇင်းတစ်သက်လုံး ရပ်တည်သွားတော့မှာလား၊ ဦးဇင်းရဲ့ ကုသိုလ်ကံ အကျိုးပေးနည်းတာကြီးကို ဦးဇင်း ဒီဘဝမှာ မချေဖျက်နိုင်တော့ဘူးလားဆိုတဲ့ အတွေးနဲ့ သေသေချာချာဆုံးဖြတ်ပြီး ရဟန်းဘဝကို ခံယူခဲ့လိုက်တာပါ။ အခုဆိုဦးဇင်းဘဝလေးက တော်တော်လေး အေးချမ်းနေပါပြီ။ ဦးဇင်းကို မေတ္တာထားပြီး လှူဒါန်းကြတဲ့ အလှူရှင်တွေ အတွက်လည်း ဦင်္းဇင်းက မေတ္တာအမြဲ ပို့သပါတယ် ''
       အရှင်သောဘဏမှာ ခုနှစ်ရက်သားသမီးများရဲ့ ဝတ္ထုပစ္စည်းနဲ့ လှူဒါန်းမှုများအတွက် နံနက်ပိုင်း ခိုစာ၊ စာကလေးစာများ ကျွေးမွေးလှူဒါန်းခြင်း၊ ဘုရားရောင်ခြည်တော် ဖွင့်ခြင်း၊ ဘုရားရောင်ခြည်တော်ဖွင့် အချပ်များ၊ ဘုရားမီးများ၊ ဘုရားပန်းအိုးများ လှူဒါန်းခြင်း၊ ဘုရားပုလ္လင်တော် ရွှေချခြင်း၊ ဥပုသ်နေ့တိုင်း ဘုရားပန်းများလဲခြင်း၊ ကျောင်းအတွင်း လမ်းပြင်ခြင်း၊ ကျောင်းမုဒ်ဦး ဆေးသုတ်ခြင်း၊ ကုဋီများ ဆေးကြောရန်ဆပ်ပြာမှုန့်၊ ကြေးချွတ် ဆေးများဝယ်ပြီး သန့်ရှင်းရေး ပြုလုပ်ခြင်းများကို နေ့စဉ်ပြုလုပ် လှူဒါန်းပေးနေတယ်လို့ သိရှိရပါတယ်။ ရဟန်းဘဝမှာ အေးချမ်းတည်ငြိမ်စွာ တွေ့မြင်ခဲ့ရတဲ့ အရှင်သောဘဏ တစ်ဖြစ်လဲ မိတ်ကပ်သူသူဆေး အတွက် သရုပ်ဆောင်အချို့နဲ့ အလှူရှင်များကလည်း ကျောင်းတိုက်အတွင်းမှာ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ S.K.B