ရွှေယင်းမာဦး MYANMAR TIME
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
၁၉၆၃ ခုနှစ်က အမေရိကန် ဒုတိယသမ္မတ ဟူးဘတ်ဟမ်ဖရေး ၎င်း၏အရှေ့တောင်အာရှခရီးစဉ်တွင် ဦးညွန့်(အလယ်ယာ) နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ်။သူ့ကို လွန်ခဲ့တဲ့နှစ် ၁၀၀ (၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ)က ဘားအံမြို့မှာ မွေးဖွားခဲ့ပါတယ်။
အခု ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အက်စ်ကက်ပ်) မတိုင်ခင်ရှိခဲ့တဲ့ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (အီးကဖေး)ရဲ့ အမှုဆောင် အတွင်းဝန် အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အတွက် သူ့ကို အီးကဖေး ဦးညွန့်လို့ လူသိများပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်း အောက်စ်ဖို့တက္ကသိုလ်နဲ့ လန်ဒန်တက္ကသိုလ်တို့မှာ ပညာသင် ကြားခဲ့တဲ့ ဦးညွန့်ဟာ မြန်မာနိုင်ငံတော် ၀န်ထမ်းဘ၀နဲ့ ၁၉၃၃ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။
အကောက်ခွန်မင်းကြီး၊ ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရ ခွင့်ပြုချက် အရ ECAFE တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၅၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး က ECAFE ရဲ့ အမှုဆောင်အတွင်းဝန် အဖြစ် ခန့်အပ်ခဲ့တဲ့ ဦးညွန့်ကို လူသိများ ရတဲ့အချက်တွေထဲက တစ်ခုက ကမ္ဘာ့ စာမျက်နှာမှာ အာရှရုပ်ပုံလွှာကို မြှင့်တင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် နေချိန်ဟာ အနောက်နိုင်ငံတွေရဲ့ စနက်နဲ့ အာရှနိုင်ငံတွေ ကြားမှာ သဘော ထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလ ဖြစ်ပါတယ်။ ECAFE ရဲ့ အစည်း အဝေးတွေမှာ အများမဲအနိုင်စနစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ အလေ့ အထကြောင့် အင်အားကြီး ကိုလိုနီ နိုင်ငံတွေက သူတို့စိတ်ကြိုက်ခြယ်လှယ် နိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အာရှနိုင်ငံတွေက မိမိတို့ သဘောအတိုင်း အချင်းချင်းညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အားလုံးစိတ်တူ သဘောတူ (Consensus) ဆုံးဖြတ်တဲ့ အာရှလမ်းစဉ်(Asian Way)ကို ဦးညွန့် က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလမ်းစဉ်နဲ့ပဲ မဲခေါင်မြစ်ဝှမ်း စီမံကိန်းကို အကောင်အထည်ဖော်ပြီး အာရှနိုင်ငံတွေရဲ့ စည်းလုံးမှုကို အစပျိုး စေခဲ့ပါတယ်။ အဲဒီနောက်မှာ အာရှ ဖွံ့ဖြိုးရေးဘက်၊ အာရှငွေကြေးပေးချေ မှုအုပ်စု စသဖြင့် ဆက်လက်တည် ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာသာမက အာရှမှာပါ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့ကာလမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးညွန့်ဟာ ECAFE ရဲ့ အမှုဆောင် အတွင်းဝန်တွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုနိုင်တယ်လို့ သူ့ရဲ့ ဒုတိယသားဖြစ်တဲ့ ဒေါက်တာ သန်းညွန့်က ဆိုပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့ အရည်အချင်းကို မွေးရာပါ ပိုင်ဆိုင်ထားတာကြောင့် ဒီလိုအောင်မြင်မှုတွေကို ရခဲ့တာလို့ သူက ပြောပါတယ်။
"ခေါင်းဆောင်ကောင်းဆိုတာ ရှေ့က သွားနေရုံနဲ့ မပြီးသေးဘူး။ သူ့ရဲ့နောက်ကနေ လူတွေလိုက်ပါနိုင်အောင်လည်း စွမ်းဆောင် နိုင်ရမယ်"လို့ ဒေါက်တာ သန်းညွန့်က ဆိုပါတယ်။
အားကစားလည်းလိုက်စားတဲ့ ဦးညွန့် ဟာ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်းကိုယ်စားပြု အင်းလျားကန် ဖြတ် ရေကူးသမား တစ်ဦးဖြစ်သလို တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ ရိုင်ဖယ် သေနတ်ပစ် လက်ဖြောင့်သမားလည်း ဖြစ်ပါတယ်။
"အခု ကန်တော်ကြီးဟိုတယ်နေရာက အဲဒီခေတ်က လူဖြူတွေချည်းပဲပါတဲ့။ Rangoon Boat Club ကို အနိုင် လှော်ခဲ့ကြတဲ့ထဲမှာ ပါတယ်။ အဖေ့ရဲ့ ပင်ကိုအရည်အချင်းတွေက မျိုးချစ် စိတ်ဓာတ် ပြင်းပြတယ်။ အမျိုးဘာသာ ချစ်စိတ်လည်း ပြင်းပြတယ်"လို့ ဒေါက်တာသန်းညွန့်က ပြောပြပါတယ်။
၁၉၇၃ ခုနှစ်မှာ ဦးညွန့် ECAFE ရဲ့ အမှုဆောင် အတွင်းဝန်အဖြစ်ကနေ အငြိမ်းစားယူပါတယ်။
ဦးညွန့် နောက်ဆုံးအနေနဲ့ တာဝန်ယူကျင်းပပေးခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ECAFE ရဲ့ (၂၉)ကြိမ်မြောက် ညီလာခံ မှာ သူ့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်မှာ ဦးညွန့်ကျင့်သုံးခဲ့ တဲ့ အာရှလမ်းစဉ်ကို နိုင်ငံအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံခြင်းလို့ ဖော်ပြပြီး အာရှရုပ်ပုံလွှာ လျင်လျင်မြန်မြန် ပေါ်ထွန်းလာဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက တက္ကသိုလ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲရှိပြီး ဗုဒ္ဓဘာသာ ဓမ္မာရုံ တည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ ဦးညွန့်ဟာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာလည်း ဇနီးဖြစ်သူ ဒေါ်သန်းတင်နဲ့အတူ ဘာသာ သာသနာရေးကို အာရုံစိုက်ခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ နိကာယ်သာသနာ တော်ပြန့်ပွားရေးအသင်း တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက် ခဲ့ပါတယ်။
ရွှေတိဂုံ စေတီနဲ့ ကမ္ဘာအေးစေတီတို့မှာလည်း မီးမောင်းတွေကို ပထမဆုံးအဖြစ် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။
"ညဘက် အဝေးကနေ ဘုရားကို မီးရောင်ထိန်ထိန်နဲ့ဖူးရတိုင်း အဖေ့ကို သတိရတယ်။ အဖေလှူခဲ့တာတွေလေ" လို့ ဒေါက်တာသန်းညွန့်က ပြောပါတယ်။
သားလေးယောက်၊ သမီး တစ်ယောက် ထွန်းကားခဲ့တဲ့ ဦးညွန့်ဟာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၁၀၀ ပြည့်ပြီ ဖြစ်ပါတယ်။
ဦးညွန့် ရာပြည့်အထိမ်းအမှတ်အဖြစ် ကျန်ရစ်ခဲ့တဲ့မိသားစုတွေက အလှူဒါန တွေပြုသလို အထိမ်းအမှတ်စာစောင်ကိုလည်း ပြုစု နိုင်ခဲ့ပါတယ်။
သိပ္ပံမောင်ဝ၊ ဦးချမ်းသာ အစရှိသူ တွေရဲ့ ထွက်ရှိပြီး စာအုပ်တွေထဲက ဆောင်းပါးတွေကို ပြန်လည်ဖော်ပြထားသလို ရာပြည့် အထိမ်း အမှတ်အဖြစ် ဦးညွန့်ရဲ့တပည့်တွေနဲ့ သားမြေးတွေရဲ့ အမှတ်တရ ဆောင်းပါးတွေအပြင် ငယ်ရွယ်စဉ်ကာလ ဓာတ်ပုံတွေကိုပါ စုဆောင်း ပုံနှိပ်ခဲ့တာပါ။
အထိမ်းအမှတ်စာစောင်ပြုစုခဲ့ရတဲ့ ရည်ရွယ်ချက်က အဖေနဲ့အမေရဲ့ ဂုဏ်ပုဒ်တွေကို ဖော်ကျူးပြီး ကျေးဇူးဆပ် ခြင်းတစ်မျိုးဖြစ်ပြီး နောက်မျိုးဆက်တွေ အတွက်လည်း အဘိုးရဲ့အသိစိတ်ဓာတ် အမွေအဖြစ် ကျန်စေလိုတယ်လို့ စာအုပ် ထွက်ရေးကို အဓိက ဆောင်ရွက်ခဲ့သူ ဒေါက်တာသန်းညွန့်က ဆိုပါတယ်။
"နောက်တစ်ချက်ကတော့ မြန်မာ့ သားကောင်းတစ်ယောက်အနေနဲ့ ကမ္ဘာ့ မြင်ကွင်းကျယ်မှာ ဘယ်လောက်အထိ အထွတ်အထိပ် ရောက်ခဲ့တယ်ဆိုတာကို ပြည်သူတွေ သိစေချင်တယ်။ ဂုဏ်ယူစေချင်တယ်။ ၀မ်းသာကြည်နူးစေချင်တယ်"လို့ ၎င်းက ဆိုပါတယ်။