Pages

Thursday, January 28, 2010

ပစိဖိတ်သမုဒ္ဒရာထဲက ပလတ်စတစ်ဝဲကတော့ကြီး လူသားအားလုံးကို သတိပေးခြိမ်းခြောက်လျက်ရှိ

(နယူးယော့ခ်တိုင်း)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၉)
လျှပ်စစ်မီးသီး၊ ပုလင်းဖော့ဆို့၊ သွား တိုက်တံ၊ ရေခဲချောင်းတုတ်များနှင့် ဆန်စေ့ပမာဏမျှအထိရှိသော ပလတ် စတစ် အစအနများသည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမှိုက်သရိုက်ပုံကြီးထဲသို့ ကာလကြာမြင့်စွာ စီးဝင် ဖွဲ့စည်းလာခဲ့သောကြောင့် ဆယ်စုနှစ်တစ်ခု ပြည့်တိုင်း ယင်းအမှိုက်ပုံ ပမာဏ နှစ်ဆ ပိုမိုကြီးမားလာနေသည်။ ယနေ့အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အကျယ်အ၀န်း၏ နှစ်ဆရှိနေပြီဟုဆိုသည်။
သုတေသနအဖွဲ့တစ်ဖွဲ့၏ ခန့်မှန်းချက်အရ ယင်းပစိဖိတ်အမှိုက်ပုံကြီးထဲ မှ အများစုသည် "gyre" ခေါ် ဧရာမ ၀ဲကတော့ကြီးထဲသို့ စီးဝင် ရောက် ရှိသွား ကြပြီး အချို့မှာသမုဒ္ဒရာအတွင်း နေရာ အနှံ့မျောနေကြသည်။
ယခုတွေ့ရှိထားသည့် အမှိုက်ပုံကြီးမှာ ကမ္ဘာတစ်ဝန်း အခြား သမုဒ္ဒရာ များ အတွင်းရှိ gyre ၀ဲကတော့ကြီးများ၏ ဆွဲငင်စုပ်ယူခြင်း ခံကြရမည့် အမှိုက်ပုံ ကြီးငါးပုံအနက် တစ်ပုံသာဖြစ်သည်ဟု သိပ္ပံပညာရှင်တို့ကဆိုသည်။
ငါးဖမ်း လုပ်ငန်းမှစွန့်ပစ်ထားသည့် ဗော်ယာများ၊ ငါးဖမ်းပိုက်နှင့် ငါးမျှားကြိုးများအပြင် မြေပြင်ပေါ်မှရောက်လာသော အခြား အမှိုက်သရိုက်များလည်း ရောက်ရှိလာတတ်ကြသည်။
ပလတ်စတစ်ပစ္စည်းအမျိုးမျိုးကို ပစိဖိတ် အမှိုက်ပုံကြီးထဲတွင် အများဆုံး တွေ့နေရသည့်အကြောင်းမှာ ပလတ်စတစ်သည် အလေးချိန်ပေါ့ခြင်း၊ အသုံးခံပြီး နေရာတိုင်းတွင်ရှိနေခြင်း၊ ခေတ်မီ တိုးတက်သော လူမှုအဖွဲ့အစည်းနှင့် ဖွံ့ဖြိုးဆဲ လူ့အဖွဲ့ အစည်းနှစ်ခုစလုံး၌ တစ်ကြိမ်သုံးပြီး စွန့်ပစ်နိုင်သည့် လူသုံး ပစ္စည်းဖြစ်နေခြင်းတို့ကြောင့်ဖြစ်သည်။
gyre ၀ဲကတော့တစ်ခုအတွင်း ဆွဲငင် စုပ်ယူခြင်းမခံရမီ ရေပေါ်တွင်မိုင်ပေါင်း များစွာစီးမျောနေနိုင်ပြီး အချိန်ကြာသော အခါ ကွဲကြေအနယ်ထိုင်သွားသည်။
သို့သော် ပလတ်စတစ်များသည် ကွဲကြေသွားသောရေထဲတွင် ရောင်စုံပန်း စက္ကူကလေးများကဲ့သို့ လွင့်မျောနေရာမှ အမှုန်အဖြစ် ကမ္ဘာ့ gyre ၀ဲကတော့ ကြီးများအတွင်း ပတ်ချာလည်စီးမျောနေကြတော့သည်။
PCB ခေါ် အဆိပ်အတောက်ဖြစ် စေသော ဒြပ်ပေါင်းများ၊ DDT ပိုးသတ် ဆေးများနှင့် အခြားအဆိပ်သင့် ဓာတုပစ္စည်းများသည် ရေတွင် မပျော်ဝင်နိုင်ကြသော်လည်း ပလတ်စတစ်က ယင်းဓာတ်ပစ္စည်းများကို ရေမြှုပ်ကဲ့သို့ စုပ်ယူထားသည်။
Plankton ခေါ် မျောလှေးများကို အာဟာရအဖြစ် စားသောက်သောငါးများက သေးငယ်သော ပလတ်စတစ် အမှုန်များကို စားကြ သောကြောင့် ယင်းငါး များ၏တစ်ရှူး(ကလာပ်စည်းစု)များတွင်လည်း ပလတ်စတစ်တွင်ပါဝင်သော ဓာတုပစ္စည်းအချို့ကို တွေ့ရ သည်။ ယင်းအဆိပ်နှင့် ဓာတုပစ္စည်းများမှာ ငါး တစ်ရှူးများထဲသို့ ပလတ်စတစ်မှတစ်ဆင့် စိမ့်ဝင်သွားခြင်းဖြစ်သည်ဟု သိပ္ပံပညာ ရှင်များ ယူဆကြသည်။
ပလတ်စတစ် အစအနကလေးများ ၀ါးမျိုစားသောက်ထားသောငါးကို စားသည့် ငါးကြီး၊ သို့မဟုတ် လူသည် ပလတ်စတစ်မှ အဆိပ် များကို ကိုယ်ပိုင် တစ်ရှူးများထဲတွင် စုပ်ယူထားရှိရာမှ အခြားအစားအစာများမှ ဓာတုအဆိပ်များလည်း ခန္ဓာကိုယ်အတွင်း ပိုမိုများ ပြားစွာ စုစည်းရောက်ရှိလာနိုင်ကြောင်း သုတေသီတို့က ပြောကြားသည်။

ဂျပန်ကမ်းလွန်ဒေသ ရေပြင်ပေါ်တွင် အမှိုက်ပုံကြီးတစ်ပုံနှင့် အတ္တလန္တိတ် သမုဒ္ဒရာ အလယ်ဗဟိုရှိ ဆာဂက်ဆိုးလ် ပင်လယ်တွင် အမှိုက်ပုံကြီးတစ်ပုံရှိနေသည်ဟု သိပ္ပံပညာရှင်အများအပြား ထင်မြင်ယူဆထားကြသည်။
သမုဒ္ဒရာအတွင်းစုပုံနေသော ပလတ်စတစ် စွန့်ပစ်အမှိုက်များနှင့်ပတ်သက်၍ ဘွဲ့လွန်စာတမ်းပြုစုရန် သုတေသန လုပ်နေသော မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တက္ကသိုလ်မှ ဘွန်နီမွန်တီလီ ယွန်သည် မစ္စတာ မိုးနှင့်အတူ နွေဦး ပေါက်ရာသီကုန်ကာလက ဆာဂက်ဆိုးလ် ပင်လယ်နှင့် ယခုနှစ်နွေရာသီတွင် ပစိဖိတ်အမှိုက်ပုံကြီးဆီသို့ သွားရောက် လေ့လာခဲ့သည်။
"စွန့်ပစ်အမှိုက်တွေ ပြည့်သိပ်စုပုံနေတဲ့ ပမာဏဟာ ဆာဂက်ဆိုးလ်ပင်လယ်မှာထက် ပစိဖိတ်အမှိုက်ပုံမှာ အလွန်အကျွံ ပိုများနေတာ ကျွန်မတွေ့ခဲ့ရပါတယ်" ဟု မွန်တီလီယွန်က ပြောသည်။ အတ္တ လန္တိတ်အမှိုက်ဝဲကတော့ကြီး (Atlantic gyre) ကိုတော့ သူတွေ့နိုင် တော့မည် မထင်ဟုလည်းဆိုသည်။
ပစိဖိတ်အမှိုက်ပုံကြီး၏ သတင်းသည် ယခုနှစ်နွေရာသီတွင် ပုဂ္ဂလိက အဏ္ဏ၀ါ သုတေသနအဖွဲ့သုံးဖွဲ့ ရောက်ရှိလေ့လာ ခဲ့ပြီးနောက် ပိုမိုလူသိများ ထင်ရှားလာ ခဲ့သည်။ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့အခြေစိုက် ပရောဂျက်ကိုင်ဆိုင်း အဖွဲ့သည် အမှိုက်ပုံထဲမှ ပလတ်စတစ် ပစ္စည်းများကို ဒီဇယ်လောင်စာအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်ခြင်းဖြင့် ပစိဖိတ်အမှိုက်ပုံကြီးကို ရှင်းလင်းဖို့ နည်းလမ်း ရှာဖွေလျက်ရှိသည်။
သုတေသီများက စုဆောင်းရရှိသည့် အမှိုက်နမူနာတစ်ခုချင်းမှ ပလတ်စတစ် ပမာဏကို တိုင်းတာပြီး ပလတ်စတစ် အစတစ်စစီ၏ အလေးချိန်များကိုပါ ခန့်မှန်းတွက်ချက်သည်။
ညစ်ညမ်းရေ ထဲရှိ အဆိပ်သင့်ဓာတုပစ္စည်း ပမာဏ ကို စိစစ်ရာတွင် ပိုက်ဖြင့်ဖမ်းမိထား သော ငါးတိုင်း၏ တစ်ရှူးများကိုလည်း စစ်ဆေးကြသည်။ယခင်သုတေသနခရီးတွင် ဖမ်းမိသော Rainbow runner ခေါ် ငါးတစ်ကောင်၏ အစာအိမ်ထဲမှ ပလတ်စတစ်စ ကလေးပေါင်း ၈၄ ခု အထိ တွေ့ခဲ့ရသည်။
နောက်ဆုံးဖမ်းယူခဲ့သော ငါးများ၏ တစ်ရှူးထဲမှ အဆိပ်သင့် ဓာတုပစ္စည်း များကို စစ်ဆေးခြင်းမပြုခဲ့ကြသော်လည်း ရေနမူနာများအရ gyre ခေါ် ၀ဲကတော့ကြီးနှင့် ပိုမိုကျယ်ပြောသော ပစိဖိတ်သမုဒ္ဒရာထဲတွင် ပလတ်စတစ် အမှိုက်ပမာဏ ပိုမိုကြီးမားများပြားလာ ကြောင်း တွေ့ရသည်။
ယခုနှစ်ဖေဖော် ၀ါရီလအတွင်း စုဆောင်းခဲ့သည့် ရေ နမူနာများတွင်တွေ့ရသော ပလတ်စတစ် ပမာဏမှာ ယခင် ၁၀ နှစ်ကာလက ရေနမူနာများမှ ပလတ်စတစ်ပမာဏထက် နှစ်ဆပိုများလျက်ရှိနေသည်။
"ဒီအမှိုက်ပုံကြီးဟာ ကျွန်တော်တွေ့ ခဲ့တဲ့ ၁၉၉၉ ခုနှစ်က အမှိုက်ပုံနဲ့မဟုတ်တော့ဘူးဗျ။ တကယ့် အဟိတ်တိရစ္ဆာန် တစ်ကောင်ဖြစ် နေပြီ"ဟု မစ္စတာမိုးက တအံ့တဩ ပြောသည်။
သူ၏ ပထမအရာရှိ ဂျက်ဖရီ အန့်ကလည်း ယင်း ပစိဖိတ်အမှိုက်ပုံကြီးမှာ လူတွေရဲ့ ပယောဂကြောင့် မပျက်စီးတဲ့ နေရာဒေသရယ်လို့ ဘယ်နေရာမှာမှမရှိတော့ဘူးဆိုတာကို ယင်း ပစိဖိတ်အမှိုက်ပုံကြီးက သတိပေးပြောပြနေပြီဟုဆိုသည်။