Pages

Wednesday, January 20, 2010

ကာလအတန်ကြာ ငြိမ်သက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ထိုင်းနှင့် အခြားနိုင်ငံမှ ခရီးသွားများ ၀င်ရောက်မှုများပြား၍ ပြန်လည်စည်ကား

PDF Print E-mail
Share
    ရန်ကုန်မြို့၏ အဓိက ခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းဈေးသည် ခရီးသွားဧည့်သည်များ လာရောက်မှုနည်းပါးနေခဲ့ရာမှ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ လက်ရှိကာလအတွင်း ခရီးသွားများ လာရောက်မှု များပြားလာမှုနှင့်အတူ ပြန်လည်စည်ကားလာကြောင်း သတင်းရရှိပါ သည်။
     ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်မှု ကျဆင်းခဲ့ခြင်းကြောင့် စည်ကားခြင်း မရှိတော့သည့် အနေအထားမှ ယခုအခါ ပြန်လည်စည်ကားလာရာတွင် ထိုင်းနိုင်ငံမှ လာရောက်သော ခရီးသွားဧည့် သည်များအပါအ၀င် အခြားနိုင်ငံများမှ ခရီးသွားများလည်း လာရောက်မှုများပြားလျက်ရှိ သည်ဟု သိရှိရသည်။
    ''ဒီနှစ် ဈေးထဲကို နိုင်ငံခြားသားအ၀င်က မနှစ်ကထက်စာရင် တော်တော်များပါတယ်။ အရောင်း အ၀ယ်ကလည်း ၂၀၀၈ ခုနှစ်ကထက်စာရင် ပိုပြီးကောင်းလာပါတယ်'' ဟု ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ Art Gallery တစ်ခုမှ တာဝန်ရှိသူက ဆိုပါသည်။
    မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားဧည့်သည် များသည် ပုဂံဒေသသို့ မဖြစ်မနေ သွားရောက်ကြသကဲ့သို့ ရန်ကုန်မြို့သို့ ရောက်ရှိလည်ပတ်လာသော ဧည့်သည်များသည်လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ မဖြစ်မနေ သွားရောက်ကြရာ ရန်ကုန်ခရီးသွားဒေသ အတွက် အရေးပါသော နေရာတစ်ခု ဖြစ်သည်ဟု သိရှိရသည်။  ဗိုလ်ချုပ်အောင်ဆန်းဈေး သည် ကိုလိုနီခေတ်၏ဟန်များကို တွေ့ရှိနိုင်သည့် အဆောက်အအုံတစ်ခုဖြစ်ခြင်းက အဓိကခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် မြန်မာ့ရိုးရာ အနုပညာ လက်ရာအရောင်းဆိုင်များ၊ ပန်းချီအနုပညာ လက်ရာပြခန်းနှင့် အရောင်းဆိုင်များ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များ၊ တိုင်းရင်းသားရိုးရာပစ္စည်း အရောင်းဆိုင်များ စသည်တို့ ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာ သူများအတွက် တစ်နေရာတည်းတွင် လေ့လာစရာ များပြားခြင်းကလည်း ခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်သည် ဟု သိရသည်။
      မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း သည်  ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျဆင်းခဲ့ရာမှ ၂၀၀၈ ခုနှစ် တွင်လည်း မုန်တိုင်းကြောင့် ဆက် လက်ကျဆင်းခဲ့သည့်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဈေးသို့လည်း ခရီးသွားအ၀င် လျော့နည်းခဲ့ရသည် ဟု သိရှိရသည်။
  
 ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ခရီးသွားဦးရေ ပြန်လည်မြင့်တက် လာခဲ့ပြီး ရန်ကုန်မြို့အပါအ၀င် ခရီးသွားဒေသများ၌ ခရီးသွားလုပ်ငန်း နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်သူများ ပြန်လည်အဆင်ပြေမှု ရှိလာခဲ့သည်ဟု ခရီးသွားလုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
    ''လက်ရှိမှာတော့ ဧည့်သည်အ၀င် များလာတာကိုတွေ့ရပါတယ်။ ပန်းချီ ဈေးကွက်အနေနဲ့ ဆိုရင်တော့မော်ဒန်ပန်းချီကို ပိုပြီးစိတ်ဝင်စားကြတာ တွေ့ရတယ်''ဟု ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးရှိ Art Gallery တစ်ခုမှ တာဝန်ရှိသူက ပြောပါသည်။
    ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ခရီး သွားရာသီအစဖြစ်သော အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်ဈေး သို့ ခရီးသွား လာရောက်လည်ပတ်မှု သိသိသာသာတိုးတက်လာပြီး  ဒီဇင်ဘာလအတွင်းတွင်မူ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများ၌ ခရီးသွားလာမှု နည်းပါးတတ်သည့် အလေ့အရ မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်မှု အနည်းငယ် လျော့နည်းခဲ့သည့် အတွက် ယင်းဈေးသို့လည်း ခရီးသွား အ၀င်လျော့နည်းခဲ့သည်ဟု သိရှိရသည်။
    ''အခုတော့ ထိုင်းအ၀င်များပါ တယ်။ ဒီနှစ်က နိုင်ငံခြားသားဧည့် သည် အ၀င်များပေမယ့် အရောင်းအ၀ယ်ကောင်းတဲ့ ဆိုင်ရှိသလို ပုံမှန်ပဲ ရှိနေတဲ့ ဆိုင်တွေလည်း ရှိပါတယ်'' ဟု ကျောက်စီပန်းချီအရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
    လက်ရှိကာလ ခရီးသွားရာသီအတွင်း ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုတွင် အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ ခရီးသွား များလာရောက်မှုများနေပြီး ဥရောပ နိုင်ငံများမှ အီတလီ၊ ဂျာမနီ၊ ပြင်သစ်လူမျိုးများလည်း လာရောက်မှု ရှိနေသည်ဟု သိရှိရသည်။
 
   ''ရန်ကုန်ကိုလာတဲ့ ဧည့်သည်ဆိုရင် ရွှေတိဂုံဘုရား မဖြစ်မနေသွား ကြတယ်။ ပြီးရင် ဗိုလ်ချုပ်ဈေးကို လည်းရောက်ဖြစ်အောင် သွားကြ တယ်။ ဗိုလ်ချုပ်ဈေးက ရှေးဟောင်း အဆောက်အအုံတစ်ခုလည်းဖြစ်တာ ကြောင့် ခရီးသွားတွေက စိတ်ဝင်စား ကြတယ်''ဟု ၀ါရင့်ပြင်သစ်ဧည့် လမ်းညွှန်က ပြောကြားသည်။
     ဗိုလ်ချုပ်အောင်ဆန်းဈေးသည် 'စကော့ဈေး' အဖြစ် ၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် 'ဗိုလ်ချုပ်အောင်ဆန်းဈေး' အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။ ကိုလိုနီခေတ် အဆောက်အအုံတစ်ခုဖြစ်ခြင်း နှင့် ရိုးရာလက်မှုပစ္စည်းဆိုင်များ၊ ကျောက်မျက်ရတနာဆိုင်များ၊ အနုပညာပြခန်းများ တည်ရှိခြင်းတို့ကြောင့် ရန်ကုန်မြို့၏ အဓိက ခရီးသွား ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ခြင်း ဖြစ်သည်။