ဒါရိုက်တာဦးခင်ဇော်
အကယ်ဒမီပွဲကိုကိုယ်တိုင် မသွားနိုင်လို့ တီဗီကနေကြည့်တာ ကြော်ငြာတွေပဲ တွေ့ရတယ်။ အကယ်ဒမီဆိုတာကတော့ အနုပညာအပေါ်ပဲ ရွေးချယ်ဆုံးဖြတ်သင့်တယ်ဆိုတာ ဟိုအရင်ကတည်းကလည်း ဘဘတို့ လက်ခံထားတာပါ။ ရုပ်ရှင်ဆင်ဆာ အဖွဲ့အနေနဲ့ ဘာမလုပ်ရဘူး၊ ဘာလုပ်ရမယ်ဆိုတာက သတ်မှတ်ထားပြီးသား။ အခု အကယ်ဒမီဆုရွေးချယ် ရေးမှာဆိုလည်း အဓိကတော့ ပရိသတ်အတွက် အတုယူမှားစရာ ဖြစ်နေသလား၊ ဒါဆိုရင်တော့ နဂိုကတည်းကကို ရုံတင်ပြီးမပြခိုင်းနဲ့လေ။ အဲဒီလိုမဟုတ်ဘဲ ရဲအကြောင်းပါရင် ရဲနဲ့ ပတ်သက်တဲ့၊ ဆေးအကြောင်းပါရင် ဆေးပညာနဲ့ပတ်သက်တာကို ရွေးချယ်စိစစ် တယ်ဆိုတော့ ရုပ်ရှင်ပညာဟာ တချို့ကိစ္စတွေမှာ ကျွမ်းကျွမ်းကျင်ကျင် သိနားလည်ထားတဲ့ ပညာသည်တွေပဲ နားလည်ထားတာတွေ အများကြီးရှိတယ်။ အခုဆုရွေးချယ်တယ် ဆိုတာက ဘယ်လိုစည်းကမ်းဘယ် လို သတ်မှတ်ချက်တွေနဲ့ ရွေးချယ်ကြမှာလဲ။ အဲဒါက အရေးကြီးသွားပြီ။ နောက်ပိုင်းကို အနုပညာအပေါ်ပဲ အခြေခံပြီး ရွေးချယ်သင့်တယ်ဆိုတာ ဖြစ်သင့်တာကကြာပြီ။ ဒါပေမယ့် တကယ်ပြောင်းဖို့က ခက်လိမ့်ဦးမယ်။ ပြောင်းကြလိမ့်မယ်လို့ သိပ်မထင်ဘူး။ အခုလိုပြောတယ်ဆိုတာလည်း ရုပ်ရှင်ကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ ပြောတာ။ တိုင်းပြည်ကိုစော်ကားတာလည်း မဟုတ်ပါဘူး။
ဒေါက်တာသန်းထွဋ်အောင် (CEO , Eleven Media Group)
၂၀၁၀ မှာပြောင်းမယ်ဆိုရင် နောက်နှစ် အကယ်ဒမီဆုပေးပွဲ မှာလည်း အပြောင်းအလဲဖြစ်သင့်ပြီ။ အကယ်ဒမီဆိုတာ အနုပညာအတွက်ပဲ ဖြစ်သင့်ပါပြီ။ ရွေးချယ်တဲ့အဖွဲ့ကလည်း တခြားနိုင်ငံတွေလို Independent body ဖြစ်သင့်တယ်။
မင်းသားကြီးဦးမြင့်စိုး
အကယ်ဒမီဆုရွေးချယ်ရာမှာ အနုပညာအပေါ်မှာမူတည်ပြီး ရွေးချယ်သင့်တယ်။ ဟိုတုန်းကတော့ အကယ်ဒမီဆုရွေးချယ်ရေး အဖွဲ့အနေ နဲ့သုံးဆင့်ရှိတယ်။ အဆင့်သုံးဆင့်နဲ့ စိစစ်ပြီးမှ နောက်ဆုံးအဆင့်ကို ရွေးချယ်ခဲ့တာ။ အဲဒီမှာနှစ်မျိုးဖြစ် လာတယ်။ အနုပညာရှင်တွေရဲ့ ကြိုးစားမှုကြောင့်ရသွားတာမျိုးတွေ ရှိပေမယ့်မူဝါဒပိုင်းအရ မကိုက်ညီတာကြောင့် ရသင့်လျက်နဲ့ မရလိုက်တာမျိုးတွေ လည်းရှိတတ်တယ်။ အခုနောက်ပိုင်း မှာတော့ အကယ်ဒမီရွေးချယ်ရာမှာ ဒရာမာကိုပဲ ဦးစားပေးရွေးချယ်တယ် လို့ သိထားကြပေမယ့် ဒီနှစ်မှာတော့ အများနဲ့ မသက်ဆိုင်သောသူဇာတ်ကား ကို ဆုတွေအများကြီးပေးလိုက်ခြင်းကို ကြည့်ခြင်းဖြင့် ဘယ်လိုဇာတ်ကား အမျိုးအစားတွေထဲက ရွေးချယ်တယ် ဆိုတာက စဉ်းစားစရာဖြစ်လာတယ်။ကျွန်တော့်အတွေ့အကြုံအရဆိုရင် တက္ကသိုလ်ဝင်းဖေရိုက်တဲ့ ပြည်တန်တဲ့ကျည်ဆန်ဇာတ်ကားမှာ ဒါရိုက်တာကဆုရသွားပေမယ့် ကျွန်တော် သရုပ်ဆောင်ရတာ ကွန်မြူနစ် ကျောင်းသားအနေနဲ့ ဖြစ်တာကြောင့် ဆုမရခဲ့ဘူး။ ဒါကြောင့် ဆုရွေးချယ်ရာမှာ ဖြစ်သင့်တာနဲ့ ဖြစ်သွားတာနှစ်မျိုးရှိလာတယ်။ အခုနောက်ပိုင်းမှာတော့ ဖြစ်ချင်တာဆိုတာတစ်ခုက ပိုတိုးလာတယ်။ ပရိသတ်တွေက သူတို့မေတ္တာရှိတဲ့သူတွေကို ရစေချင်ကြတယ်လေ။ ဒါကြောင့်ဖြစ်သင့် တာရယ်၊ ဖြစ်ချင်တာရယ်၊ ဖြစ်သွား တာရယ် သုံးမျိုးဖြစ်လာပါတယ်။ အဓိကတော့ဆုရွေးချယ်ရာမှာ အနုပညာအပေါ်ပဲ ဦးစားပေးရွေးချယ်သင့် တယ်လို့ထင်တယ်။ အကယ်ဒမီဆိုတာကို NGO တစ်ခုအနေနဲ့ ဆုံးဖြတ်သင့်မသင့်ဆိုတာကတော့ ဒီမှာက လောလောဆယ်တော့ မရှိသေးဘူး။ လုပ်သင့်တဲ့အရာသုံးမျိုးတော့ ရှိတယ်။ မီဒီယာတွေ သတင်းစာသမားတွေက ရွေးတဲ့ဆုမျိုး၊ ပရိသတ်ကပေးတဲ့ဆုမျိုး၊ နိုင်ငံတော်ကပေးတဲ့ ဆုမျိုးသုံးမျိုး သုံးမျိုးတော့ရှိသင့်တယ်။ နိုင်ငံတကာမှာလည်းရှိတယ်။ အမျိုးသား စာပေဆုဆိုရင် အဲဒီဆုအပြင် အခြား ပုဂ္ဂလိကစာပေဆုတွေကိုလည်း ရွေးချယ်ချီးမြှင့်သလိုပေါ့လေ။ အဲဒီလို ဖြစ်လာအောင်လည်း ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။