Pages

Wednesday, June 2, 2010

အိုကီနာဝါအခြေစိုက်စခန်း နေရာပြောင်းရွှေ့ရန် အမေရိကန်နှင့် ဂျပန်သဘောတူညီ





US Forces in Okinawa
        ဂျပန်နိုင်ငံတောင်ပိုင်းရှိ အိုကီနာဝါကျွန်းမှ အမေရိကန်လေတပ် အခြေစိုက်စခန်းကို နေရာရွှေ့ပြောင်းရန် မေ လ ၂၈ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက် ရခဲ့ကြောင်းသိရသည်။
        နှစ်နိုင်ငံဆက်ဆံရေးကို ယိုယွင်းစေသည့် အိုကီနာဝါအခြေစိုက်စခန်း ကိစ္စကိုဖြေရှင်းနိုင်ခဲ့သော်လည်း ယင်းသဘောတူညီချက်နှင့် ပတ်သက်ပြီး အာဏာရညွန့်ပေါင်းအတွင်း သဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြကြောင်း သိရသည်။နှစ်နိုင်ငံ အစိုးရများ၏ ပူးတွဲကြေညာချက်တွင် အိုကီနာဝါကျွန်းရှိ ဖူတင်းမားမရိန်း လေတပ်အခြေစိုက်စခန်းကို ၂၀၀၆ ခုနှစ်က သဘောတူညီထားသည့်အတိုင်း လူစည်ကားရာမြို့လယ်မှ ကျွန်းတောင်ပိုင်း ဟီနိုကို ကမ်းရိုးတန်း ဒေသသို့ ရွှေ့ပြောင်းမည်ဟု ဖော်ပြခဲ့သည်။
        လေယာဉ်များ၏ ဆူညံသံများ၊ လေထုညစ်ညမ်းမှု၊ပျက်ကျနိုင်မှုအန္တရာယ်နှင့် အမေရိကန်စစ်သားများနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားမှု တို့ကြောင့် ဒေသခံများက မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သဘောတူညီချက်ကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမာတို့ ရုပ်သံတိုက်ရိုက်ချိတ်ဆက် ဆွေးနွေးပွဲအပြီးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းကြောင့် ဂျပန်အာဏာရညွန့်ပေါင်းအတွင်း အကွဲအပြဲများ ဖြစ်ပေါ်ခဲ့ရသည်။
        အိုကီနာဝါကျွန်းတွင် အမေရိကန်အခြေစိုက်စခန်း ဖယ်ရှားရေး တောင်းဆိုသည့်ဘက်မှ အစဉ်တစိုက်ရပ်တည်ခဲ့သည့် စားသုံးသူရေးရာဝန်ကြီး မီဇူဟိုဖူကူရှီးမားအား ဟာတိုယာမာက ရာထူးမှထုတ်ပယ်ခဲ့သည်။လက်ရှိညွန့်ပေါင်းအစိုးရတွင် ပါဝင်သည့် ပစိဖိတ်ဆိုရှယ်ဒီမိုကရက်တို့၏ ခေါင်းဆောင် ဖူကူရှီးမား ရာထူးမှ ထွက်သွားခြင်းကြောင့် လွှတ်တော်နှစ်ရပ်စလုံးတွင် လူများစုဖြစ်နေသည့် ညွန့်ပေါင်း၏အင်အားကို ထိခိုက်စေမည်ဖြစ်သည်။
        ထောက်ခံမှုစစ်တမ်းများတွင် ၂၀ ရာခိုင်နှုန်းအောက် ရောက်နေသည့် ၀န်ကြီးချုပ်ဟာတိုယာမာအတွက် လာမည့်ဇူလိုင်လတွင် ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲများ နီးကပ်လာချိန်တွင် ပိုမိုအထိနာစေမည့် အခြေအနေတစ်ရပ်ဖြစ်သွား ခဲ့သည်။ ဆိုရှယ်ဒီမိုကရက်တို့ကို ညွန့ပေါင်းအတွင်း ဆက်လက်ထားရှိရန် ဟာတိုယာမာက ရည်ရွယ်သော်လည်း ဆိုရှယ်ဒီမိုကရက်တို့က မေ ၃၀ ပါတီအစည်းအဝေးတွင် ညွန့်ပေါင်းမှနုတ်ထွက်ကြောင်း ကြေညာဖွယ်ရှိနေသည်။